ခေတ်စနစ်အပြိုင် ကုန်သွယ်မှုလျင်မြန်စေမည့် မြန်မာ့အကောက်ခွန်ရဲ့ အွန်လိုင်းစနစ်လားရာ . . . သတင်းဆောင်းပါး(၂၂-၉-၂၀၁၆)ရက်နေ့ မြန်မာ့အလင်းသတင်းစာ

မောင်စိန်လွင်(မြန်မာ့အလင်း) နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် အခန်းကဏ္ဍများတွင် အခွန်အကောက်သည် အထူးအရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည်။အခွန်အကောက်သည် တိုင်းပြည်တစ်ပြည်၏ အရေးကြီးကဏ္ဍမှ ပါဝင်နေသည်မှာ ယနေ့ခေတ်ကာလမှမဟုတ်။ ရှေးယခင် ခေတ်အဆက်ဆက်ကပင်ဖြစ်သည်။ ရှေးယခင်ခေတ်အဆက်ဆက်ဆိုရာမှာ နှစ်ပေါင်းရှည်ကြာလှပြီဖြစ်သည့် ဘုရင်မင်းများလက်ထက်ကပင် အခွန်အကောက်ကို ဆယ်ခိုင်တစ်ခိုင်၊ ဆယ်သီး တစ်သီး၊ ဆယ်နှံတစ်နှံ စနစ်ဖြင့် ကောက်ခံခဲ့သည်။ ကောက်ခံရာမှာလည်း တိုက်ရိုက်ခွန်နှင့် သွယ်ဝိုက်ခွန်ဟူ၍ နှစ်မျိုးနှစ်စား ရှိရာမှ မြန်မာ့အကောက်ခွန်သည် ထုတ်ကုန်များနှင့် သွင်းကုန်များအပေါ် ကောက်ခံသည့် သွယ်ဝိုက်ခွန်တစ်မျိုးဖြစ်သည်။ ထိုခေတ်ကာလ အခွန်ကောက်ခံရာမှာ ဈေးခွန်၊ တွင်းထွက်ခွန်၊ ကူးတို့ခွန်၊ ကင်းခွန်၊ သစ်တောခွန်၊ ထုတ်ကုန်ခွန်နှင့် ဝင်ကုန်ခွန်ဟူ၍ အမည်နာမများပေးကာ ပုံစံအမျိုးမျိုးဖြင့် ကောက်ခံခဲ့သည်။ နောက်ပိုင်း ၁၈၅၂ ခုနှစ်တွင် မြန်မာနိုင်ငံအောက်ပိုင်းကို တိုင်းတစ်ပါးသိမ်းပိုက်ခဲ့စဉ်မှစကာ တံဆိပ်ခေါင်းခွန်၊ လူခွန်၊ မြေခွန်၊ တွင်းထွက်ခွန်၊ အမြတ်ခွန်၊ ယစ်မျိုးခွန်နှင့် ဆိပ်ကမ်းနယ်ခြားခွန်တို့ကို တိုးချဲ့ကာကောက်ခံခဲ့ကြောင်း နှစ်ပေါင်း ၁ဝဝ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အကောက်ခွန်ရုံးချုပ် မှတ်တမ်းများအရ သိရသည်။ အွန်လိုင်းနည်းပညာသစ် ယခုအခါ က္ဘာ့နိုင်ငံအများစုတွင် ခေတ်စနစ်အရ ပြောင်းလဲလာမှုတို့နှင့်အတူ နိုင်ငံတကာကုန်သွယ်မှု လုပ်ငန်းများ အရှိန်အဟုန်မြင့် တိုးတက်လာသည်မှာ မျက်ဝါးထင်ထင်တွေ့မြင် နေရပြီဖြစ်သည်။ သူ့ထက်ငါ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကုန်သွယ်မှု လျင်မြန်တိုးတက်စေရန် နိုင်ငံတကာစံနှုန်းများနှင့်အညီ လုပ်ထုံး လုပ်နည်းများ၊ အကောက်ခွန်ပိုင်းဆိုင်ရာ နည်းပညာများကို ထိုးထွင်းကြံဆလုပ်ကိုင်လာကြသည်။ မြန်မာနိုင်ငံသည်လည်းယင်းသို့နည်းတူ စီးပွားရေးကဏ္ဍများ ပြုပြင်ပြောင်းလဲရာတွင် နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများ တစ်ဟုန်ထိုး မြင့်မားလာ စေရန် လက်ရှိအကောက်ခွန်ဆိုင်ရာကုန်ပစ္စည်းများ ရှင်းလင်း ထုတ်ယူမှုလုပ်ငန်းစဉ်များကို နိုင်ငံတကာနည်းတူ ပြုပြင် ပြောင်းလဲရန် မဖြစ်မနေလိုအပ်နေသည်မှာ အမှန်ပင်ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံအနေဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းကကျင့်သုံးလာခဲ့သောအကောက်ခွန်ဆိုင်ရာ Manual (လူ့ စွမ်းအား) ဖြင့် လုပ်ဆောင်နေခြင်းများကို ခေတ်စနစ်အရ ပြောင်းလဲရတော့မည်ဖြစ်သည်။ မဖြစ်မနေပြောင်းလဲရန် လည်း လိုအပ်လာသည်။ Manual ဖြင့် ဆောင်ရွက်နေခြင်းကြောင့် လုပ်ငန်းပိုင်းဆိုင်ရာ အချိန်ကြန့်ကြာခြင်း၊ ကုန်ကျစရိတ် ကြီးလေးခြင်း၊ ကုန်သွယ်မှုကိန်းဂဏန်းပြုစုရာတွင် အခက်အခဲ ရှိခြင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့ရေးကို အဟန့်အတားဖြစ်ပေါ် စေခြင်း၊ ဝန်ထမ်းနှင့်ပြည်သူ တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရ မှုများပြားခြင်းကြောင့် အဂတိလိုက်စားမှုများ ဖြစ်ပေါ်ခြင်း စသည့် မလိုလားအပ်သော ပြဿနာများနှင့် အားနည်းချက် စိန်ခေါ်မှုတချို့တို့ကို ရင်ဆိုင်နေရသည်။ သို့မို့ကြောင့် ယင်း ပြဿနာများနှင့် အားနည်းချက်စိန်ခေါ်မှုများကို ဖြေရှင်း နိုင်ရန် နိုင်ငံတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ များမကြာမီတွင် ဂျပန်နိုင်ငံအကူအညီဖြင့် နိုင်ငံတကာအကောက် ခွန်ကဲ့သို့ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေမည့် မြန်မာ့အကောက် ခွန်အွန်လိုင်းနည်းပညာသစ်ကြီး ခေတ်စနစ်အပြိုင် ပေါ်ထွက် လာတော့မည်ဖြစ်သည်။ စတင်အကောင်အထည်ဖော် ယခုပေါ်ထွက်လာမည့် မြန်မာ့အကောက်ခွန် အွန်လိုင်း နည်းပညာသစ်သည် ဂျပန်နိုင်ငံတွင် လက်ရှိကျင့်သုံးပြီး အောင်မြင်နေသော NACCS (Nippon Automated Cargo and Port Consolidated System)နှင့်CIS (Customs Intelligence System) တို့ကို အခြေခံထား သည့် စနစ်များဖြစ်သည်။ ခေတ်စနစ်အပြိုင်ပေါ်ထွက်လာမည့် မြန်မာ့အကောက်ခွန်အွန်းလိုင်းနည်းစနစ်သစ်များမှာ မြန်မာ အလိုအလျောက် ကုန်ပစ္စည်းရှင်းလင်းရေးစနစ်MACCS (Myanmar Automated Cargo Clearance System) နှင့် မြန်မာ့အကောက်ခွန် သတင်းအချက်အလက်စနစ် MCIS ( Myanmar Customs Intelligence System) တို့ ဖြစ်သည်။ ယင်းစနစ်နှစ်မျိုးစလုံးကို မြန်မာ့အကောက်ခွန် ဦးစီးဌာနအနေဖြင့် လာမည့်နိုဝင်ဘာလတွင် စတင်ကျင့်သုံး ဆောင်ရွက်တော့မည်ဖြစ်သည်။ အဆိုပါ ခေတ်မီအကောက်ခွန် အွန်လိုင်းစနစ်ကို နည်းပညာသာမက ငွေကြေးထောက်ပံ့မှု ပါ ကူညီပေးခဲ့သောဂျပန်နိုင်ငံနှင့် ပူးပေါင်းကာ ၂ဝ၁၃ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ လတ်တလောRunning Test (RT)ကိုပင် ယခုနှစ် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဆောင်ရွက်နေပြီဖြစ်သည်။ အင်မတန်မှ အရေးကြီး များမကြာမီတွင် ခေတ်စနစ်နှင့်အပြိုင် ပြုပြင်ပြောင်းလဲကာ ပေါ်ထွက်လာတော့မည့် မြန်မာ့အကောက်ခွန် အွန်လိုင်းစနစ်သစ် နှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က ''ဒီ Maccs System နဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အထောက် အကူပြုမှာဖြစ်လို့ အလွန်ပဲအရေးကြီးပါတယ်။ ဒီစနစ်ဟာ အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်းစဉ်တွေ မြန်ဆန်ပြီးတော့ လျင်မြန်ချောမွေ့လာမယ်ဆိုရင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် တွေအနေနဲ့လည်း လုပ်ငန်းစဉ်တွေ လျင်မြန်လာမယ်၊ ချောမွေ့ လာမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကဏ္ဍအများကြီး ဖွံ့ဖြိုးတိုးတက်လာမယ်။ ဒါကြောင့် Maccs System အောင်မြင်ဖို့အတွက်က ကျွန်တော်တို့ နိုင်ငံစီးပွားရေးအတွက် အင်မတန်မှ အရေးကြီးပါတယ်''ဟု ပြောကြားသည်။ ယန်းသန်းပေါင်း ၃၉၉ဝ ကူညီထောက်ပံ့ မြန်မာနိုင်ငံအနေဖြင့် ယခုစတင်အကောင်အထည်ဖော် ကျင့်သုံးမည့် မြန်မာအလိုအလျောက်ကုန်ပစ္စည်းရှင်းလင်းရေးစနစ်MACCS (Myanmar Automated Cargo Clearance System) နှင့် မြန်မာ့အကောက်ခွန် သတင်းအချက် အလက်စနစ်MCIS ( Myanmar Customs Intelligence System) တို့သည် ဂျပန်နိုင်ငံတွင် နှစ်ပေါင်းရှည်ကြာအောင်မြင် စွာကျင့်သုံးနေသောစနစ်ကောင်းများအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ယင်းစနစ်များကိုအကောင်အထည်ဖော်ရန် မြန်မာ့ အကောက်ခွန်ဦးစီးဌာနအနေဖြင့် နိုင်ငံတကာမှ တင်သွင်းလာသောအဆိုပြုချက်များထဲမှ ဂျပန်နိုင်ငံ၌ လက်ရှိကျင့်သုံးနေ ပြီး ခိုင်မာမှုရှိသည့် အဆိုပါစနစ်များကို ဘက်ပေါင်းစုံမှလေ့လာ စူးစမ်းသေချာစိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းစနစ်များကို ဂျပန်နိုင်ငံအစိုးရဘဏ္ဍာရေးအကူအညီ(Grant Aid) နှင့် ဂျပန်အကောက်ခွန်တို့၏ နည်းပညာကူညီဆောင်ရွက်မှုဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသည် ယင်းလုပ်ငန်းစဉ် များအတွက် ငွေကြေးအထောက်အပံ့အနေဖြင့် ဂျပန်ယန်းငွေ သန်းပေါင်း ၃၉၉ဝ ကူညီထောက်ပံ့ပေးခဲ့ပြီး နည်းပညာပိုင်း ဆိုင်ရာတွင်လည်း ကာလရှည်နှင့် ကာလတိုဟူ၍ ခွဲခြားကာ စဉ်ဆက်မပြတ် ကူညီပေးလျက်ရှိသည်။ နည်းစနစ်ပိုင်းဆိုင်ရာရင်ပေါင်တန်း မြန်မာ့အကောက်ခွန်ဦးစီးဌာနသည် ရှင်းလင်းလွယ်ကူ သည့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ကုန်သွယ် မှု လျင်မြန်ချောမွေ့စေရေး၊ရသင့်ရထိုက်သည့် အခွန်အခများ ပြည့်ပြည့်ဝဝရရှိရေး၊ နိုင်ငံ့သွင်းကုန်၊ ထုတ်ကုန်အားလုံးကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ယင်းနှင့်တစ်ပြိုင်တည်း တရားမဝင်အတုအပများကိုလည်း စိစစ်အရေးယူမှုများပြုလုပ် ကာ အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ ကုန်သွယ် မှု လျင်မြန်မှန်ကန်ချောမွေ့စေရေး ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်။ ထို့ကြောင့် နိုင်ငံတကာအကောက်ခွန်ဌာနများ နည်းတူ နည်းစနစ်ပိုင်းဆိုင်ရာ ရင်ပေါင်တန်းနိုင်ရန် အထူးလိုအပ်လာ ပြီဖြစ်သည်။ အောင်အောင်မြင်မြင် ပေါ်ထွက် ခေတ်စနစ်နှင့်အညီ ပြောင်းလဲအကောင်အထည်ဖော် မည့် အဆိုပါအွန်လိုင်းစနစ်နှင့်ပတ်သက်၍ အကောက်ခွန် ဦးစီးဌာနMACCS ဌာနခွဲ ပရောဂျက်တာဝန်ခံ ဦးဝင်းသန့် (ညွှန်ကြားရေးမှူး) က ''အခုကျင့်သုံးမယ့် စနစ်နှစ်ခုမှာ တကယ် တမ်းပြောရရင်MACCSစနစ်ဆိုတာက အကောက်ခွန် အပါ အဝင် ပုဂ္ဂလိကကဏ္ဍတွေရော အခြားအစိုးရဌာန(OGAs- Other Government Agencies)တွေပါ အားလုံးသုံးစွဲ လို့ရတဲ့စနစ်ဖြစ်ပါတယ်။ MCIS ဆိုတာကတော့ မြန်မာ့ အကောက်ခွန်ဌာနတစ်ခုတည်းကပဲ သုံးစွဲလို့ရတဲ့စနစ်တစ်ခုပါ။ ဒါပေမယ့် စနစ်တစ်ခုနဲ့တစ်ခုက ချိတ်ဆက်နေတာဖြစ်တယ်။ ချိတ်ဆက်ပြီးတော့ အောင်အောင်မြင်မြင်နဲ့ လည်ပတ်သွားရမှာ ဖြစ်ပါတယ်။ ဒီစနစ်က အကောက်ခွန်ဌာနတစ်ခုတည်းရပ်တည် လို့ရတဲ့စနစ် မဟုတ်ဘူး။ အဖွဲ့ပေါင်းစုံဖြစ်တဲ့ အခြားအစိုးရဌာန ဆိုင်ရာတွေ၊ သင်္ဘောလိုင်း/လေကြောင်းလိုင်းတွေ၊ နိုင်ငံတကာ ကုန်သွယ်မှုနဲ့ ဆက်စပ်နေတဲ့ ဆိပ်ကမ်းတွေ၊ ကုန်လှောင်ရုံတွေ၊ Customs Broker ၊Freight Forwarderစတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ တင်သွင်း/တင်ပို့လုပ်ငန်းများဆောင်ရွက်နေတဲ့ကုမ္ပဏီတွေအားလုံး ပူးပေါင်းပါဝင်ရမှာဖြစ်တယ်။ အားလုံးက တက်ညီလက်ညီဆောင်ရွက်မှ ဒီစနစ်က အောင်မြင်မယ့် လုပ်ငန်းတစ်ခုပါ။ သုံးစွဲတဲ့အခါမှာလည်း စနစ်တကျသုံးစွဲနိုင်ဖို့ အတွက် အားလုံးနဲ့ညှိနှိုင်းရတယ်။ ညှိနှိုင်းတယ်ဆိုတာ ကျွန်တော် တို့ရဲ့ ဒီစနစ်သဘောတရားတွေကိုနားလည်အောင် ရှင်းပြရတယ်။ ပူးပေါင်းဆောင်ရွက်လာအောင်ဖိတ်ခေါ်ရတယ်။ ဒါတွေအများ ကြီးလုပ်ခဲ့ရတာ။ ဒါတွေကစိန်ခေါ်မှုတွေအနေနဲ့ လုပ်ခဲ့ရတဲ့ လုပ်ငန်းစဉ်တွေပါ။ ခုတော့ အားလုံးကပူးပေါင်းပြီး တကယ်ကို တက်ညီလက်ညီနဲ့ ပံ့ပိုးပေးခဲ့တဲ့အတွက်မကြာခင် ဒီစနစ်ဟာ အောင်အောင်မြင်မြင်ပေါ်ထွက်လာတော့မယ့် အခြေအနေ ရောက်ရှိနေပါပြီ။ ဒီစနစ်ရဲ့ တိုးတက်အောင်မြင်မှုကတော့ အခု လက်ရှိအသုံးပြုနေတဲ့Manual လုပ်ငန်းထက် အချိန်အများကြီး လျှော့ချနိုင်မယ်၊ ကုန်ပစ္စည်းတွေ ဈေးကွက်ထဲကိုအချိန်မီရောက် ရှိလာမယ်။ နောက်တစ်ခုကတော့System သုံးတဲ့အတွက် တကယ်ကို ရိုးရှင်းလွယ်ကူတဲ့ အနေအထားမျိုးတွေ ဖြစ်လာပါမယ်''ဟု အသစ်ပေါ်ထွက်လာမည့် မြန်မာ့အကောက်ခွန် အွန်လိုင်းစနစ် နှင့်ပတ်သက်၍ အသေးစိတ်ရှင်းပြသည်။ ဆိပ်ကမ်းနေရာများနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ယခုကျင့်သုံးမည့် မြန်မာ့အကောက်ခွန်မှ MACCS အွန်လိုင်းစနစ်သည် သွင်းကုန်၊ ထုတ်ကုန်ဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းများကို လျင်မြန်ချောမွေ့စွာ တင်သွင်း/တင်ပို့နိုင်မည်ဖြစ်သည်။ အခွန်ကောက်ခံသည့် အခါတွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ် တကျ ကောက်ခံမှုများ ပြုလုပ်သွားနိုင်မည်ဖြစ်ပြီး ပြည့်ပြည့်ဝဝ အခွန်ကောက်ခံနိုင်မည်ဖြစ်ကာ ကုန်သွယ်မှုစာရင်းဇယား များသည်လည်း ယခင်ထက်မှန်ကန်တိကျလာမည် ဖြစ်သည်။ ဝန်ဆောင်မှုပေးသည့်အခါတွင်လည်း MACCS အွန်လိုင်းစနစ် သည် လက်ရှိကျင့်သုံးနေသောManual စနစ်နှင့် နှိုင်းယှဉ်ပါ က ကြာမြင့်ချိန်လွန်စွာခြားနားကာ အချက်အလက် ပြည့်စုံ မှန်ကန်သော အကောက်ခွန်ကြေညာလွှာတစ်စောင်အတွက် သုံးစက္ကန့်အတွင်း လုပ်ငန်းများကို အပြီးဆောင်ရွက်နိုင်မည်ဖြစ် သည်။ အဆိုပါMACCS System ကို ကနဦးဆောင်ရွက်မှုများ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတကာဆိပ်ကမ်း နေရာများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် သီလဝါအထူး စီးပွားရေးဇုန်အပါအဝင် ၁၄ နေရာတို့တွင် စတင်ကာအကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။ ယင်း ၁၄ နေရာတွင် ဒေတာ စင်တာများ၊ Network ပိုင်းဆိုင်ရာများနှင့် ကွန်ပျူတာဝယ်ယူ မှု ကုန်ကျစရိတ်များအပါအဝင် ဂျပန်နိုင်ငံအစိုးရ၏ထောက်ပံ့ငွေ ယန်းသန်းပေါင်း ၃၉၉ဝ ကျော်အပါအဝင် နိုင်ငံတော်ဘတ်ဂျက် မှလည်း ငွေကျပ်သန်းပေါင်း ၅၈ဝဝ ကျော်ကို စတင်အကောင် အထည်ဖော်ခဲ့သည့်အချိန်မှစ၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်ကုန် အထိ သုံးနှစ်တာကာလအတွင်း သုံးစွဲသွားရမည်ဖြစ်ပါသည်။ လုံခြုံတဲ့ ဖိုက်ဘာနက်ခ်ဝါ့ခ် ''ဒီစနစ်ကို ဂျပန်နိုင်ငံအကောက်ခွန်NACCS စင်တာနဲ့ NTT Data Cooperation တို့မှ ပညာရှင်တွေက မြန်မာနိုင်ငံ အကောက်ခွန်လုပ်ထုံးလုပ်နည်းတွေအပြင် နိုင်ငံတကာစံနှုန်း တွေနဲ့ပါ ကိုက်ညီအောင် ပြန်လည်ရေးဆွဲပေးခဲ့တာ ဖြစ်တယ်။System မှာက ဝန်ထမ်းတွေသုံးမယ့်ဆော့ဖ်ဝဲနဲ့ လုပ်ငန်း ရှင်တွေဘက်ကသုံးတဲ့ ဆော့ဖ်ဝဲဆိုပြီးတော့ နှစ်မျိုးရှိတယ်။ လုပ်ငန်းရှင်တွေဘက်ကို အွန်လိုင်းစနစ်နဲ့ အင်တာနက်အသုံးပြု ပြီးတော့ မြန်မာအကောက်ခွန်ဘက်က ဝန်ထမ်းတွေအသုံးပြုဖို့ ကတော့WAN (Wide Area Network)တစ်ခုတည် ဆောက်ပြီး အဲဒီအပေါ်မှာ ဒီဆော့ဖ်ဝဲကိုအသုံးပြုသွားမှာဖြစ်ပါ တယ်။ အဲဒီ WAN ဆွဲတဲ့အခါမှာ ဖိုက်ဘာကေဘယ်လ်တွေ ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ဆိပ်ကမ်းတွေဆိုရင် ထီးတန်း၊ အေးရှားဝေါလ်၊ အလုံအင်တာနေရှင်နယ် MIP၊ ဆူးလေ၊ ဗိုလ်အောင်ကျော်ICD 2၊ သီလဝါဘက်မှာဆိုရင်MIPL ၊ MITTဆိပ်ကမ်းနဲ့ သီလဝါအထူးစီးပွားရေးဇုန် အဲဒီ နေရာတွေ၊ ပြီးတော့အကောက်ခွန်ရုံးချုပ်Data Center စုစုပေါင်း ၁၄ နေရာကို ချိတ်ထားပြီးတော့ လုံးဝလုံခြုံတဲ့ ဖိုက်ဘာ နက်ခ်ဝါ့ခ်တစ်ခုကိုတည်ဆောက်ထားပါတယ်''ဟု MACCS အိုင်တီဌာနတွင် တာဝန်ယူနေသည့် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေက ပြောသည်။ ကောက်ခံသွားမည့် အခွန်အမျိုးအစား ၁ဝ မျိုး ယခုအခါ အကောက်ခွန်ဦးစီးဌာနအနေဖြင့် MACCS System အတွက်LAN နှင့်WANတို့ကို တပ်ဆင်ဆောင် ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင်LANအပိုင်း တပ်ဆင်မှု၌ ၁၄ ခုတပ်ဆင်ပြီးစီးခဲ့ပြီဖြစ်ကာ WAN အပိုင်း တပ်ဆင်မှုတွင် အသစ်ဆောက်လုပ်နေဆဲဖြစ်သော လေဆိပ် ကုန်လှောင်ရုံနေရာမှအပ ကျန် ၁၃ နေရာတွင် တပ်ဆင်ဆောင် ရွက်ထားပြီးဖြစ်သည်။ MACCS စနစ်သည် National Single Window (NSW) အကောင်အထည်ဖော် ဆောင် ရွက်မှုကိုပါ အထောက်အကူပြုနိုင်သည့်စနစ်တစ်ခု ဖြစ်သော ကြောင့် အခြားအစိုးရဌာနအဖွဲ့အစည်းများ (OGAs) နှင့်ပါ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ရာ ပထမအဆင့်တွင် သွင်းကုန် ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များနှင့် ဆက်စပ် လျက်ရှိသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC)၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(MOC)၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အပင် ပိုးမွှားကာကွယ်ရေးဌာန (Plant Quarantine)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ် စသည့် ဌာနအဖွဲ့အစည်းအသီးသီးတို့နှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်သည်။ ယခုအွန်လိုင်းစနစ်ဖြင့် ကျင့်သုံးမည့် ဗြဃဃှ စနစ်ဖြင့် ကောက်ခံပေးနိုင်သည့် အခွန်အမျိုးအစား ၁ဝ မျိုးမှာ Customs Duty ၊ Commercial Tax၊ Security Fee (For X-Ray)၊Redemption Deposit or Post Value Revenue Deposit (RD or PVRD)၊ Specific Goods Tax ၊ Transit Duty ၊ Advanced Incom Tax၊ MACCS Service Fees ၊Redemption Fine (RF) & Direct Penalty (DP)] နှင့်License Fee တို့ဖြစ်သည်။ သွင်းကုန်/ပို့ကုန်ကဏ္ဍ ပိုမိုအားသာ ''အခုလို မြန်မာ့အကောက်ခွန်အနေနဲ့ Manual ကနေ အွန်လိုင်းစနစ်ကို ပြောင်းလဲလိုက်မယ်ဆိုရင်တော့ ကောင်းပါ တယ်။ ကျွန်တော်တို့အပါအဝင် လုပ်ငန်းရှင်တွေအနေနဲ့လည်းကောင်းတဲ့လုပ်ငန်းဖြစ်လို့ အားလုံးကကြိုဆိုပါတယ်။ နိုင်ငံတကာ လိုပြောင်းလဲတာဖြစ်တော့ ခေတ်စနစ်အရလည်း လူချင်းထိတွေ့ ဆက်ဆံမှု နည်းသွားတာပေါ့။ အဲဒီလိုနည်းသွားတော့ အခြား မလိုလားအပ်တဲ့ ငွေကြေးလာဘ်လာဘတွေလည်းမရှိတော့ဘူး။ လုပ်ငန်းလည်း ပိုမိုလျင်မြန်လာမှာဖြစ်ပြီး နိုင်ငံတကာစံနှုန်း နဲ့အညီ အကောက်ခွန်လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မှာဖြစ် လို့ အရင်ထက်တော့ ကုန်သွယ်မှုပိုင်းအနေနဲ့ သွင်းကုန်/ပို့ကုန် ကဏ္ဍ ပိုမိုအားသာလာမယ်လို့ မြင်ပါတယ်''ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။ ခေတ်စနစ်အပြိုင် ပေါ်ထွက် မြန်မာ့အကောက်ခွန်အနေဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ် များအတွင်း ကုန်သွယ်မှုခွန်များအဖြစ်ရရှိမှုမှာ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် မြန်မာငွေ$ကျပ် ၂၈၃ ဘီလီယံ၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာ နှစ်တွင် ၁၅၈ ဘီလီယံ၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၄ဝ၂ ဘီလီ ယံ၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ၄၁၂ ဘီလီယံ၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၅၄၉ ဘီလီယံ၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ၅၁၄ ဘီလီယံနှင့် ယခုဘဏ္ဍာနှစ်တွင်လည်း ယခင်နှစ်နည်းတူ မျှော်မှန်းထားသော်လည်း ကုန်သွယ်စီးဆင်းမှုကို အထောက် အကူ ပြုမည့် ခေတ်စနစ်အပြိုင် ပေါ်ထွက်လာတော့မည့် မြန်မာ့ အကောက်ခွန်အွန်လိုင်းစနစ် (MACCS လားရာကို စောင့် ကြည့်ရတော့မည်ဖြစ်ပါကြောင်း။ ပြည်သူတို့က တစ်ခဲနက်ထောက်ခံရွေးချယ်ပေးလိုက်သည့် ဒီမိုကရေစီအစိုးရအနေဖြင့် ပြည်သူ့ဘဝလိုအပ်ချက်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကောင်းမွန်သောပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်နိုင်သည်နှင့်အမျှ ပြည်သူ့အကျိုးစီးပွား တိုးတက်မြင့်မားလာမည်ဖြစ်သကဲ့သို့ နိုင်ငံ့ဂုဏ်လည်း ပိုမိုဝင့်ထည်လာမည် ဖြစ်ပါသည်။ နိုင်ငံတော်၏ အရေးကိစ္စများကို ပြည်သူ့ကိုယ်စား တာဝန်ယူဆောင်ရွက်နေသော နိုင်ငံ့အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားတိုးတက်မြင့်မားရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ''ပြည်သူ့ဝန်ထမ်း ကြိုးပမ်းကြညီညီ'' အခန်းကဏ္ဍဖြင့် ဖော်ပြလိုက်ပါသည်။